Thursday, October 17, 2013

အသုံးချ ပိဋိကတ်

စာရေးသူသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အားလျော်စွာ မြတ်ဗုဒ္ဓ၏တရားတော်များကိုဖတ်ရှုလေ့လာပြီးအဆုံးစွန်ဆုံးသောပန်းတိုင်သို့ရောက်အောင်ကြိုးစားရမည်ကိုမိမိတို့ကိုယ်တိုင်ရွေးချယ်ကြရသည်။အယူအဆ၊နည်းနာနိဿယ၊လမ်းကြောင်း၊ကျင့်စဉ်တို့ကများပြားလှသည်မဟုတ်ပါလား။မိမိရွေးချယ်မှုမှားယွင်းလျင်သွားလိုရာသို့မရောက်ပဲ သံသရာတွင်အလွန်ရခဲသောအခွင့်ကောင်းတစ်ခုလက်လွှတ်ဆုံးရှုံးရပေမည်။ ဤနေရာတွင်စာရေးသူက အသိဥာဏ်မြင့်မားသောလူသားဘ၀နှင့်မြတ်ဗုဒ္ဓ၏တရားတော်များကိုနာကြားခွင့်ရခြင်းကို အခွင့်ကောင်းဟု ရည်ညွှန်းခြင်းဖြစ်ပါသည်။ အများညီညွတ်စွာလက်ခံယုံကြည်ခြင်းနှင့်အမှန်တရားသည် နေရာတိုင်းထပ်တူထပ်မျှ မဖြစ်ပေ။ ဤအရေးအရာသည် အများလုပ်တိုင်းလိုက်လုပ်၍ ဖြစ်သောအရာမဟုတ်ပါပေ။မိမိပင်ကိုယ်နှင့်မြတ်ဗုဒ္ဓ၏ တရားတို့ကိုသာအဓိကအခြေခံရမည်ဖြစ်ပေသည်။ထို့ကြောင့်စာရေးသူသည်မိမိလမ်းကြောင်းအတွက် ဤသို့စိစစ် လေ့လာသုံးသပ်ခဲ့ပါသည်။
၁။ ဘီစီ ၅၀၀ ကျော်ကာလ က အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့်နီပေါ ဒေသတွင် မြတ်ဗုဒ္ဓ ပွင့်တော်မူခဲ့သည်။
၂။ မြတ်ဗုဒ္ဓသည် လူသာမန်တစ်ယောက်သာဖြစ်ပါသည်။ပြင်းထန်သောကျင့်ကြံအားထုတ်မှုများ၏ရလဒ်အဖြစ် အလုံးစုံကိုသိသောဥာဏ်တော်ကိုရရှိခဲ့ပါသည်။
၃။ မြတ်ဗုဒ္ဓ၏ ဥာဏ်တော်တွင်ထင်သော အလုံးစုံသောတရားတို့အနက်မှ သတ္တ၀ါတို့၏ ဘ၀သံသရာလည်နေပုံ၊ သတ္တ၀ါတစ်ခုအဖြစ်သံသရာတွင်ကျင်လည်နေရခြင်းသည်ဒုက္ခ(ဆင်းရဲခြင်း) သာဖြစ်ပုံ၊ သမုဒယ ကိုပယ်ကာ မဂ္ဂသစ္စာ ကိုပွားများကျင့်ကြံလျှင် သံသရာကျင်လည်နေရခြင်းမှ ချုပ်ငြိမ်း အေးချမ်းခြင်းကိုရရှိနိုင်ပုံတို့ကို သတ္တ၀ါ တို့၏အကျိုးအတွက်ဟောကြားခဲ့သည်။
၎။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ရပြီးချိန်မှ ပရိနိဗ္ဗာန်စံဝင်သည်အထိသတ္တ၀ါတို့၏ အကျိုးအတွက်လှည့်လည် တရားဟောရာတွင် သင်္ခါရတရားတို့၏ မမြဲပုံ၊ မခိုင်ခံ့ပုံ၊ အားမကိုးလောက်ပုံ၊ ငြီးငွေ့ဖွယ်ကောင်းပုံ၊ သံသရာမှ ကျွတ်ထိုက်ပုံ တို့ကိုသာဟောကြားခဲ့သည်။(သင်္ခါရတရား များအကြောင်းသီးခြားတင်ပြပါမည်)
၅။ သင်္ခါရတရားတို့၏ အစိုးမရပုံကိုလည်း မြတ်ဗုဒ္ဓက သီးခြားဟောကြားခဲ့သည်။
၆။ အခါအားလျော်စွာ ရုပ်၊နာမ် ခန္ဓာ တို့အကြောင်းကို အသေးစိပ်တရားများ ဟေားကြားခဲ့ပါသည်။
၇။ လောကတွင် စိတ်၊ စေတသိက်၊ ရုပ် နှင့်နိဗ္ဗာန် သည်သာအမှန်ရှိသော အရှိတရားများဖြစ်ကြောင်းကိုလည်း ဟောကြားခဲ့သည်။
၈။ လောကတွင်ဖြစ်/ပျက် နေသမျှ အားလုံးသည် ကြောင်း/ကျိုး ဆက်စပ်စွာဖြစ်ပျက်နေကြသည် ဟူသော သဘောတရားကိုလည်းဟောဖော်ပြခဲ့သည်။
၉။ ဘ၀သံသရာလည်ပုံတွင် ဘ၀များတစ်ခုနှင့်တစ်ခု မည်သို့ဆက်စပ်သွားသည်ကိုလည်းအသေးစိပ် ဟောကြားခဲ့သည်။
၁၀။ ဘ၀သံသရာမှ ထွက်မြောက်ရန်မည်သို့ ပြုကျင့်နေထိုင်ရမည်ကိုလည်းဟောကြားခဲ့သည်။

မြတ်ဗုဒ္ဓ၏ တရားများသည် ပြီးပြည့်စုံသောတရားများဖြစ်နေသည်။ အနာကိုထောက်ပြသကဲ့သို့ဆေးကိုလည်း ပေးထားသည်။ အဖြေမပါသော ပဟေဠိ မဟုတ်ပါပေ။ထို့ကြောင့်မိမိတို့လမ်းကြောင်းကို မိမိတို့ကိုယ်တိုင် ရွေးချယ်ရမည်ဆိုသော်ငြားလည်း ရွေးချယ်ရမည့်လမ်းကြောင်းကမြင်သာနေပေပြီ။ မြတ်ဗုဒ္ဓ၏ တရားများသည် သတ္တ၀ါများ၏အကျိုးအတွက် ဟောခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်ကားသတ္တ၀ါများ သံသရာတွင်ကျင်လည်နေရ ခြင်းမှလွတ်မြောက်ရန်ဟောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သံသရာလွတ်ကြောင်း အရေးအရာသည် သံဃာတော် များအတွက်သာမဟုတ်ပဲ လူသားအားလုံး၊သတ္တ၀ါအားလုံးအတွက်ဖြစ်သည်။ ထို့ကြောင့်လူသားအားလုံးတွင် မြတ်ဗုဒ္ဓဟောကြားခဲ့သေား အဆုံးစွန်ဆုံးသေားပန်းတိုင်အတွက် ကြိုးစားပိုင်ခွင့်ရှိသည်။မည်သို့ကြိုးစားကြ မည်နည်း။
(က) ဒါနပြုခြင်း
(ခ) သီလစောင့်ထိန်းခြင်း
(ဂ) ၀င်လေ/ထွက်လေ ရှုမှတ်ခြင်း
(ဃ) ၀မ်းဗိုက် ပိန်/ဖောင်း ရှုမှတ်ခြင်း
(င) ဖြစ်/ပျက် ကိုရှုမှတ်ခြင်း
စသည်ဖြင့် ကြိုးစားရန်နည်းလမ်းပေါင်းစုံ ရှိပေသည်။ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကိုရွေးချယ်သင့်ပေသည်။ သို့ရာတွင် မိမိကျင့်ကြံနေသော တရားသည် မဂ္ဂင်(၈)ပါး လမ်းကြောင်းတွင်မည်သို့ အကျုံးဝင်သည်၊ မည်သည့် အပိုင်းကိုကျင့်ကြံအားထုတ်နေခြင်းဖြစ်သည်ကို သိရှိရန်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအရေး သည်စိတ်ကို ပြုပြင်ထိန်းကြောင်းရသော အလုပ်ဖြစ်သဖြင့် မိမိ၏ အကျင့်သည် မိမိ၏စိတ်ကို မည်သို့ထိန်ကြောင်း နိုင်သည်ကိုတော့ အမြဲသုံးသပ်ရပေမည်။ ဘ၀င်တစ်ခုသည် ရုပ်ခန္ဓာ တစ်ခုကိုအမြဲ လိုအပ်နေသည်။ ယင်းတောင့်တမှုကို ချုပ်ထိန်းရသည်။ ဤတာဝန်ကိုစိတ် ကသာထမ်းဆောင်နိုင်သည်။ ထို့ကြောင့် ကျင့်ကြံအားထုတ်ရာတွင် ခန္ဓာကိုယ်ကား အဓိကမဟုတ်ပါပေ။ မည်သည့်အနေအထား၊မည်မျှပင်ပန်း ခက်ခဲခြင်း ကအရေးမကြီးပေ၊ မိမိစိတ်က ရုပ်ခန္ဓာကြီးကို တွယ်တာနေမှုကိုလျှော့ချနိုင်ရန်ကြိုးစားရမည်။ စုတိစိတ်ကျသည့်အခိုက် သည်အလွန့်အလွန်တိုတောင်းသောကာလ ကလေးဖြစ်သော်ငြားလည်း ဘ၀ဆက်ပြတ်ရေး/မပြတ်ရေးက ယင်းကာလတို ကလေးအပေါ်တွင်အဓိကကျသည်။ ပဋိသန္ဓေစိတ်ဆက်စပ် ဖြစ်ပေါ်ပြီဆိုလျင် အခွင့်အရေးတကြိမ် ဆုံးရှုံးပြီဖြစ်ပေသည်။ ယင်းအချိန်ရောက်မှဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ပါပေ ကြိုတင်ပြင်ဆင်ရပေမည်။ နောက်ဘ၀တစ်ခုကို မတွယ်တာ၊မတောင့်တဖို့ ကြိုးစားရပေမည်။ မည်သို့ကြိုးစားကြ ရမည်နည်း။ ဘ၀များသည်အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။ နောက်လာမည့်ဘ၀သည်လည်းယခုဘ၀နှင့် ထူးမခြားနားပင်၊ရုပ်ခန္ဓာပင်ဖြစ်သည်၊ခန္ဓာ(၅)ပါးအစုအဝေးသာဖြစ်သည်။ ရှင်သန်ရသည့်အခြေအနေချင်းသာ ကွာခြားပေမည်။ ထို့ကြောင့်ဤဘ၀ကြီးသည် နောက်ဘ၀ ဆက်မဖြစ်ရေးအတွက် လေ့ကျင့်ရန် လေ့ကျင့်ရေးကွင်းကြီးနှင့်တူပေသည်။ စုတိစိတ်ကျချိန်တွင်နောက်ဘ၀ကိုမတွယ်တာစေရေးအတွက် ယခုကာလ ကတည်းက နောက်ဘ၀နှင့်ပုံစံတူဖြစ်သော ဒီဘ၀ကြီးကို တွယ်တာမှုလျှော့ချသည့်လေ့ကျင့်ခန်းကို ပြုလုပ်ရပေမည်။ ဆယ်တန်းစာမေးပွဲအတွက်လေ့ကျင့်ရန် ဆယ်တန်းအောင်ပြီးသူကို Guide ခေါ်၍ရနိုင်သော် လည်းဤအရေးကိစ္စအတွက် အောင်မြင်ပြီးသူကိုရှာဖွေကာ ဆရာတင်၍မရနိုင်ပေ။ ကြိုးစားကျင့်ကြံနေသူ အားလုံးသည် ခရီးသွားဖော်မိတ်ဆွေများသာဖြစ်ပေသည်။ ထို့ကြောင့်မြတ်ဗုဒ္ဓ၏ မဂ္ဂင်(၈)ပါး တရားတော်ကို
မဏ္ဍိုင်ပြုကာ ခရီးသွားဖော်မိတ်ဆွေများ အချင်းချင်း တိုင်ပင်ဆွေးနွေး ညှိနှိုင်း အဖြေရှာကာ မိမိသွားရမည့် လမ်းကြောင်းကိုရှာဖွေသင့်လှပေသည်။

1 comment:

  1. Play Slots Online - KADG PINTAR
    Play the 바카라사이트 best online slots machines in Indonesia 인카지노 at KADG PINTAR. Explore games and 온카지노 try them for free!

    ReplyDelete